-
အောက်တိုဘာ ၅ ရက်နေ့ လွတ်တော်အစည်းဝေးတွင် သမ္မတဦးသိန်းစိန်မှ ၄င်း၏ သမ္မတသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟူသော ကတိ စကားကို မြစ်ဆုံဒေသခံများအနေနှင့်အကြီးအကျယ်သံသယပွားနေကြောင်းသိရသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီဟု ပြည်တွင်းနှင့် နိုင်ငံတကာသို့ကြေညာခဲ့သော်လည်း လက်တွေ့တွင် ယခင်က အခြေအနေအတိုင်း နေ့ရောညပါ ယဉ်ကြီးယဉ်ငယ်များဖြင့် နေ့မအားညမနား ဆက်လက် အကောင်အထည်ဖော်နေကြကြောင်း မြစ်ဆုံဒေသခံများ ပြောကြားချက်အရသိရသည်။
-
မြစ်ဆုံစီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင် ( ဓါတ်ပုံ ဒီမိုဝေယံ)
-
အောက်တိုဘာလ ၁၃ ရက်နေ့တွင် တန်ဖဲကျေးရွာနေ သူများကိုပြောင်းရွေ့ တည်ပေးသည့် အောင်မြေသာကျေးရွာသို့ မြန်မာအစိုးရ စစ်တပ်မှ ည ၁၀ နာရီခွဲနောက်ပိုင်းတွင်အပြင်မထွက်ရန် လာရောက်ပြောဆိုခဲ့ကြောင်းသိရသည်။ ထိုပြင် အောက်တိုဘာ ၁၅ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီဆိုသည့် မြစ်ဆုံသဲသောင်ပြင် နေရာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆုတောင်းပွဲ ကိုလည်း အေးရှားဝေါ ကုမ္မဏီမှ နေရာမပေးနိုင်ကြောင်းပြောဆိုငြင်းပယ်ခဲ့ကြောင်းသိရသည်။ ယင်းနေရာသည် တန်ဖဲနှစ်ခြင်းအသင်းတော်မှ လူငယ်များနှစ်စဉ် ၀တ်ပြုကိုးကွယ်ရာနေရာဖြစ်သည်။
-
အောင်မြေသာကျေးရွာ
-
စီမံကိန်းရပ်တန့်ထားသည် ဆိုသော်လည်း လိုဏ်ခေါင်း တူးဖော်ခြင်း လုပ်ငန်း များကို ယခင်အတိုင်းဆက်လက်လုပ်ဆောင်နေသည့် အပြင် တန်ဖဲကျေးရွာမှ ၁ သိန်းတန်မြေကွက်များကို အဆ ၄၀ မှ ၅၀ ထိပေးဝယ်နေပြီး ရွေလုပ်ကွက်များ အဖြစ်ဖန်တီးရန် စီစဉ်နေကြောင်း သိရသည်။ တန်ဖဲကျေးရွာမှ အထက်တန်းကျောင်းကိုလည်း အောက်တိုဘာလ ၉ ရက်နေ့တွင်အပြီးဖျက်လိုက်ပြီး ကျေးရွာသူကျေးရွာသားများအနေနှင့် ရွာတွင် ဆက်လက်နေထိုင်နေထိုင်ခြင်း မရှိစေရန် အမျိုးမျိုးဖန်တီးလျက်ရှိသည်။ ရွေလုပ်ကွက်လုပ်ကိုင်ရန် လျောက်ထားသူများတွင် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးအလေးပါ၊ ကချင်ပြည်နယ်အမျိုးသားလွတ်တော်ဥက္ကဌလည်း ပါဝင်သည်။
-
လက်ရှိတန်ဖဲကျေးရွာဟောင်းတွင် သင်းအုပ်ဆရာနှင့် အိမ်ထောင်စု ၄ ခုသာကျန်ရှိတော့ကြောင်းသိရသည်။ ကျန်ရှိနေသည့် ရွာသားများကိုလည်း အမျိုးမျိုးဖိအားပေးခြိမ်းခြောက်လျက်ရှိသည်။ ယင်းကဲ့သို့ တန်ဖဲကျေးရွာဖျက်သည့် အစီအစဉ်များကို စနစ်တကျလုပ်နေသည့်ပြင် လုံခြုံရေးစည်းများမှာလည်း ယခင်အတိုင်း တင်းကျပ်မြဲဖြစ်သောကြောင့် မြစ်ဆုံရေကာတာစီမံကိန်းရပ်နားသည်ကို များစွာသံသယဖြစ်နေကြကြောင်းသိရသည်။
by:KLN
0 comments