ဒုသမ္မတ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်စဉ်က ရှမ်းပြည်နယ်တွင်း ဖြစ်ပျက်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအတွက် တာဝန်ရှိသဖြင့် ကုလသမဂ္ဂက အထူးကော်မရှင်ဖွဲ့၍ အရေးယူ စုံစမ်းသင့် ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ပြောကြားလိုက်သည်။

01-2001_Nawng_Tau_Si_Sa_Pa

အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများကို KIA က ပြန်လည် တူးဖော် စစ်ဆေးနေပုံ
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများ၌ KIA ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၊ ဗိုလ်မှုးချုပ် ဂွမ်မော်၊ ဗိုလ်မှုးကြီး ဇော်ရော တို့က မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လွန်ခဲ့သော ဆယ်စုနှစ် ကာလများ၌ အစိုးရတပ်က ၎င်းတို့၏ စစ်သားများ၊ ဒေသခံ ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံကို မြေပုံ၊ ဓာတ်ပုံ အထောက် အထားများဖြင့် ရှင်းပြခဲ့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အနက် ဖြစ်စဉ် ၂ ခုမှာ ဦးတင်အောင်မြင့်ဦး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူထားစဉ် ၂၀၀၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခင်က ဖွင့်ချခြင်း မပြုခဲ့ရသနည်း ဟုမေးမြန်းရာ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေသည့်ကာလ၊ နိုင်ငံရေး အရ တစုံတရာ အပြောင်းလဲများ ဖြစ်လာမည်လားဟူသော မျှော်မှန်းချက်များကြောင့် ထိုစဉ်က လူသိရှင်ကြား ပြောဆိုမှုများ မလုပ်ခဲ့ခြင်း ဖြစ်သည်ဟု KIA ခေါင်းဆောင်များက ပြောဆိုသည်။

လွန်ခဲ့သည့်လမှစ၍ နှစ်ဖက် ပြန်လည် ပစ်ခတ်မှုများကြောင့် အပစ်အခတ် သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ထိုအမှုများကို ကုလသမဂ္ဂသို့ တင်ပြလိုသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။ ၎င်းတို့၏ ပြောဆိုချက်များအရ အစုလိုက် သတ်ဖျက်ခံရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ဘာသာဖြင့် ရေးသားထားသော KIA မှတ်တမ်းများအရ ပထမဖြစ်စဉ်မှာ ရှမ်းပြည်နယ် မူဆယ်မြို့ လောက်ကျိုင် (Lau Jai) ကျေးရွာတွင် ၂၀၀၁ မတ်လက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသည် KIA တပ်ရင်း ၉ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်၌ ထိုကျေးရွာသို့ မူဆယ်ရှိ ခြေမြန်တပ် ၂၄၂ တပ်ရင်းမှ ဗိုလ်မှူးခင်မောင်လှ ဦးစီးသော တပ်ဖွဲ့ဝင် ၁၀၀ ကျော် ရောက်ရှိလာပြီး လုံခြုံရေး တာဝန် ယူထားသော KIA တပ်သား ၄ ဦး အား ရွာမှ ၂ ဖာလုံခန့်ဝေးသည့် ရှောက်ဟော်ရွာသို့ လမ်းပြ လိုက်ပို့ပေးရန် ပြောဆိုခဲ့သည်။ ရွာမှ ထွက်ခွာလာပြီး မကြာမီ KIA တပ်သားများအား လက်နက်ဖြုတ်ပြီး ကြိုးဖြင့် ချည်နှောင်ထားလိုက်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

နေ့လယ် ၂ နာရီခန့်၌ ၎င်းတို့ ၄ ဦးအား ပစ်သတ်လိုက်ပြီး တောထဲတွင် မြုပ်နှံထားခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းများအား KIA က ၁ လအကြာမှသာ ပြန်လည်တူးဖော်တွေ့ရှိရကြောင်း၊ သတ်ခံသူများမှာ တပ်ကြပ် ဇတူးဒေါဟောင်း၊ တပ်သား လဖိုင်ဇော်ဘောက်၊ ဒရှီးနောင်ခွန်း၊ ကရန်းတူးလန်တို့ ဖြစ်ကြောင်း ၎င်းတို့အတွက် ဈာပနအား ထိုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်မှုများ ဖြစ်ပျက်ခဲ့သည့် မတ်လ ၂၂ ရက်နေ့မှာပင် ရှမ်းပြည်နယ် မုန်းစီးခရိုင် နောင်တောင်ဆီဆာပါ ကျေးရွာ၌ KIA တပ်မဟာ ၄ ၏ ပန်းဂျုံစိုက်ပျိုးရေးခြံ ၌ KIA စစ်သား ၅ ဦးနှင့် အရပ်သား ၂ ဦးတို့ အား အစိုးရစစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်အရ ထို့နေ့တွင် ခြေမြန် တပ်ရင်း ၂၄၂ (ပထမဖြစ်စဉ်တွင် စွပ်စွဲခံရသည့် တပ်ရင်းပင် ဖြစ်သည်) မှ ဒုဗိုလ်မှုးကြီး ညိုဝင်းဦးစီးသော အင်အား ၇၀ ရှိသည့် စစ်ကြောင်း တကြောင်း သည် စိုက်ပျိုးရေးခြံသို့ ရောက်လာပြီး KIA ဒုဗိုလ် နော်ဆင်း နှင့်တွေ့ဆုံလိုကြောင်း လာရောက် အကြောင်း ကြားသည်။

သို့သော် နော်ဆင်း မအားလပ်သဖြင့် အရာခံဗိုလ်ဂမ်ဆင်းက ထွက်တွေ့ခဲ့ရာ အစိုးရတပ်က ၎င်းအား ဖမ်းဆီး ချည်နှောင်လိုက်ကြောင်း၊ တပြိုက်နက်တည်းမှာပင် အစိုးရတပ်များက စိုက်ပျိုးရေးခြံသို့ ဝင်ရောက်ပြီး ဒုဗိုလ် နော်ဆင်း အပါအဝင် KIA ရဲဘော် ၅ ဦး နှင့် အရပ်သား ၂ ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

KIA မှတ်တမ်းများအရ ၎င်းတို့အား အနီးရှိ တောအုပ်သို့ ခေါ်ဆောင်သွားပြီး တညလုံး ညှဉ်းပန်း နှိပ်စက်ကြောင်း၊ နောက်တနေ့ မိုးလင်းချိန်တွင် ၎င်းတို့အားလုံး သေဆုံးသွားကြောင်း သိရသည်။

“စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်လိုက်တာ" ဟု အင်အား ၂၀၀၀ ရှိ KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက မှတ်တမ်းများကို ဖတ်ပြရင်း ပြောပြသည်။

ရက်သတ္တပတ် အတန်ကြာတွင် KIA က ရုပ်အလောင်းများကို မြုပ်နှံထားသောတောအုပ်၌ ပြန်လည် တူးဖော်ခဲ့သည်။ အလောင်းများကိုစစ်ဆေးရာတွင် KIA စစ်သားနှင့်အရပ်သား ၂ ဦးသည် အသတ် မဆုံးရှုံးစဉ်က လှံစွပ်ဖြင့် အကြိမ်ကြိမ် အထိုးခံခဲ့ရကြောင်း၊ လိင်အင်္ဂါများအား မီးရှို့ခံခဲ့ရကြောင်း တွေ့ရှိရသည်။ အလောင်းများတွေ့ရှိသော တောအုပ်ရှိသစ်ပင် တချို.တွင်လည်း သွေးနှင့်ဆံပင်များ ရောပြွမ်းကပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။

“အားရအောင် ရိုက်ထားပြီးမှ သတ်လိုက်သည်၊ အလောင်း စစ်ဆေးရာ အရိုးများ ကြေနေသည်" ဟု မှတ်တမ်းများက ဆိုသည်။ သေဆုံးသူများမှာ ဒုဗိုလ် နော်ဆင်း၊ အရာခံဗိုလ် ဂမ်ဆင်း၊ ဒုတပ်ကြပ် အိုက်ညီ၊ တပ်သားများဖြစ်သည့် ဘမ်အောင်မိုင် နှင့် မအိုက်ညီ တို့ဖြစ်သည်။ သေဆုံးသူ တခြား အရပ်သား ၂ ဦးမှာ ထိုစဉ်က တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၏ တူဖြစ်သူ ဇွမ်ဇမ်းဟောင်လွန်း (Zum Zang Hawng Lum) ဖြစ်ပြီး နောက်တဦးမှာ တရုတ်လူမျိုး အရပ်သားဟုသာ ဖော်ပြထားသည်။

ဗိုလ်မှုးချုပ် ဂျိမ်းစ်လွန်းဒေါင်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါ၊ သိန္နီ နှင့် မူဆယ် ရှိ KIA တပ်မဟာ ၄ အား တာဝန်ယူခဲ့ပြီး ၂၀၀၇ နှစ်တွင် ထိုရာထူးမှ အနားယူခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်မှုများကို ဦးတင်အောင်မြင့်ဦးက ဦးစီး၍ အစိုးရ တပ်များက KIA တပ်အား တမင် ရန်စ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီမဂ္ဂဇင်းနှင့် လိုင်ဇာတွင် တွေ့ဆုံရာ၌ ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်က ပြောဆိုသည်။

“ကြီးနိုင်ငယ်ညှင်းပေါ့ဗျာ၊ ရည်ရွယ်ချက်ကတော့ ကျုပ်တို့တပ်တွေကို ရှမ်းပြည်နယ်က ထွက်သွားအောင် လုပ်ချင်တာပဲ" ဟု ၎င်းက ဆိုသည်။ သတ်ရသည့် အကြောင်းနှင့်ပတ်သတ်၍ မေးမြန်းရန် ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်သည် လားရှိုးသို့သွားပြီး ဦးတင်အောင်မြင့်ဦးအား သွားရောက်တွေ့ဆုံခဲ့သည်။

02-2006_Kutkai_Killings

ဈာပနတွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ
“ဘာလို့ သတ်သလဲ မေးတော့ သူက ဘာမှ သိပ်ပြန်မပြောဘူး၊ ပိုက်ဆံ ကျပ်ငွေ ဆယ်သိန်း ထုတ်ပေးတယ်။ ကျုပ်လည်း မယူဘဲ ပြန်ထွက်လာတယ်" ဟု ဂျိမ်း(စ်) လွန်းဒေါင်ကပြောပြသည်။

"ကျုပ်တို့က ဒေါသ သိပ်ထွက်နေတာပေါ့၊ ဘာမှ မသိဘူး၊ ဒေါသ ထွက်နေတာပဲ သိတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေက အမျိုးသားညီလာခံ မပြီးသေးဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးတာ မပြီးသေးဘူး၊ သည်းခံကြဖို့ ပြောတယ်" ဟု သူက ထိုစဉ်အခါက အခြေအနေကို ပြန်လည်ရှင်းပြသည်။ KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် KIO သည် ထိုစဉ်က အမျိုးသားညီလာခံ တက်ရောက်နေပြီး နောင်တွင်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လက်မခံနိုင်ကြောင်း ပယ်ချခဲ့သည်။

အစိုးရ စစ်တပ်က သတ်ဖြတ်သည်ဟု စွပ်စွဲထားသည့် နောက်ဖြစ်စဉ်မှာ ၂၀၀၅ သြဂုတ်လက ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ် အတွင်းရှိ ဟော့ကိုင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် တင်အောင်မြင့်ဦးမှာ အရှေ့မြောက် တိုင်းမှူး မဟုတ်တော့ဘဲ ၎င်း၏ နေရာတွင် ယခု အစိုးရသစ်၌ ဆည်မြောင်းဝန်ကြီး တာဝန် ယူထားသူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနမှ ဗိုလ်မှူးကြီးစံရွှေသာ ဦးစီးသော စစ်ကြောင်းက KIO အုပ်ချုပ်ရေးမှူး ဦးစံလုကို ဆက်ကြေး ကောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်တနေ့တွင် ရွာအပြင် ကျောက်ဆောင်တခု၌ သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ဦးစံလု သေဆုံးနေသည်ကို တွေ့ရသည်၊ ဦးခေါင်းခွံ အက်ကွဲနေပြီး နံရိုး ၂ ချောင်းကျိုးနေသည်ကို တွေ့ရသည်ဟု ဆိုည်။

“ KIO က ဒေသတွင်းမှာ စီးပွားရေး လုပ်ငန်းတွေဆီက အခွန် ကောက်နေတာ ကြာပြီ၊ ဦးစံလုက သူ့တာဝန် သူထမ်းဆောင်ရင်း အကြောင်းမဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခံခဲ့ ရတယ်" ဟု KIA ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

KIA ခေါင်းဆောင်များက ၂၀၀၆ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့် ၎င်းတို့စစ်သည်များ အလားတူ အစုလိုက် အပြုံလိုက် သတ်ခံရမှုကို ပို၍ပင် ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်။ ထိုဖြစ်စဉ်မှာ မူဆယ်မြို့တောင်ဘက်ရှိ ဘွမ်ပရိဘွမ် ဒေသတွင် KIA စစ်သား ၅ ဦးနှင့် အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် အမှု ဖြစ်သည်။

၂၀၀၆ ဇန်နဝါရီလ ၂ ရက်နေ့၌ အစိုးရတပ်မှ ဗိုလ်မှူးလှမိုးဦးစီးသော တပ်ဖွဲ့ဝင် ၁၂ ယောက် ဘွမ်ပရိဘွမ် ရှိ KIO အုပ်ချုပ်ရေးရုံးသို့ ရောက်လာရာ ရုံးရှိ KIA တပ်သားများက အစား အသောက်နှင့် ဧည့်ခံရန် ပြင်ဆင်စဉ် အစိုးတပ်က ၎င်းတို့အား ရုံးတွင်းနှင့် မီးဖိုချောင်၌ပင် ပစ်ခတ် သတ်ဖြတ်ခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ KIA မှ ဓာတ်ပုံ မှတ်တမ်းများ ဧရာဝတီသို့ ပေးခဲ့သည်။

“ဖြစ်လျှင်ဖြစ်ခြင်း အစိုးရတပ်က အင်အားဖြည့်ပြီး တခြား KIA တပ်တွေ ဝင်လာလို့ မရအောင် တားလိုက်တယ်။ အလောင်းတွေ သွားသယ်လို့မရဘူး ဖြစ်သွားတယ်" ဟုမှတ်တမ်းများကဆိုသည်။

အသတ်ခံရသည့် စစ်သည်အလောင်းများ ပြန်လည်ရရှိရန် လက်ရှိ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရ စစ်တပ်အရာရှိများ တွေ့ဆုံခဲ့သည်။ ထို့နောက် အလောင်းကောက်ရန် ခွင့်ပြုချက်ရ၍ ဇန်နဝါရီလ ၆ ရက်နေ့ ၌ အလောင်းကောက်သွားသောအခါ ထိုအလောင်းများကိုမတွေ့ရဘဲ မီးင်္သဂြိုလ်နှင့်ပြီးသား ဖြစ်သောကြောင့် ပြာအိတ်များကိုသာ တွေ့ရသည် ဟု KIA ခေါင်းဆောင်များက ဆိုသည်။

ထိုဖြစ်စဉ်၌ အသက် ဆုံးရှူံးသူများမှာ KIO အုပ်ချုပ်ရေး အရာရှိ လဘန်ဂမ်ဖန်း၊ တပ်ကြပ်ကြီး ဘရမ်မိုင်၊ ရုံးအကူ ဇခွန်ကဝမ်ခန်၊ မရမ်တူးရှမ်၊ ဘရမ်ရှောင် နှင့် ရွာသား အိုက်ညွန့်တို့ ဖြစ်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

“ပြာပဲ ရတော့ မှန်းပြီး အစုလိုက်၊ အစုလိုက် ခွဲပြီး သင်္ဂြိုဟ်လိုက်ရတယ်၊ ကျုပ်တော့ မျက်ရည်ကျခဲ့ရတယ်" ဟု ထိုစဉ်က သတ်ဖြတ်ခံရသူ စစ်သည်များ၏ ဈာပနတွင် ဗိုလ်မှူးချုပ်ဂွမ်မော်နှင့် အတူ ဦးဆောင် ပါဝင်ခဲ့သူ ဗိုလ်မှူးကြီးဇော်ရောက ဧရာဝတီကို ရှင်းပြသည်။

သူက ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသော KIA တပ်မဟာ ၄ ၏ လက်ရှိ တာဝန်ခံဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးအတွက် ကျင်းပခဲ့သော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည့် KIO ၏ ထိပ်တန်း ကိုယ်စားလှယ် တဦး ဖြစ်သည်။ သူက လွန်ခဲ့သည့်လ မိုးမောက်မြို့နယ် တာပိန်ရေအား လျှပ်စစ်စက်ရုံ အနီး KIA နှင့် အစိုးရတပ်တို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည် အချိန်မှစ၍ အစိုးရတပ်မှစစ်သုံ.ပန်းများ အား KIA က ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းများကို ထောက်ပြ၍ အလားတူ ဆက်ဆံမှုမျိုး အစိုးရစစ်တပ်က ကျင့်သုံးခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။

KIA မှတ်တမ်းများအရ ၂၀၀၅ အောက်တိုဘာလ သီးခြားဖြစ်စဉ် ၂ ခုတွင် ရှမ်းပြည်နယ်ရှိ KIO အုပ်ချုပ်ရေးမှူး ၂ ယောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ KIA ခေါင်းဆောင်များက ၂၀၀၅၊ ၂၀၀၆ ဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူမှာ ထိုအချိန်က တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်ကြောင်း ပြောဆိုကြသည်။

ဗိုလ်မှူးချုပ်ဂွမ်မော်က KIA ခေါင်းဆောင်များကယခုဖြစ်စဉ်များအားနိုင်ငံတကာ သိရှိရန်ယခင်က မကြိုးပမ်းခဲ့ခြင်းမှာ ရေရှည် နိုင်ငံရေးဖြစ်ထွန်းမှုများကိုထောက်ချင့်၍ မ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“သတ်ခံတာရတာတွေက သမရိုးကျ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဒီလို အကြောင်းမဲ့ သတ်လာတာတွေ များလို့ သမရိုးကျ လို့တောင် ပြောလို့ရတယ်" ဟု သူက လိုင်ဇာရှိ KIA စစ်ဆင်ရေးများ ကွပ်ကဲသည့် ခန်းမ၌ ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“သတ်ခံရတာတွေကတော့ အချည်းအနှီး မဖြစ်ပါဘူး၊ လွန်ခဲ့တဲ့လက ကျုပ်တို့ တပ်ကြပ် ၁ ယောက် မိုးမောက်က ကျုပ်တို့ ဆက်ဆံရေးရုံးမှာ အစိုးရတပ်က ဖမ်းပြီး အသတ်ခံလိုက်ရတယ်၊ ဒါလည်း အချည်းအနှီး မဖြစ်ပါဘူး၊ နိုင်ငံတကာက သိသွားတာပေါ့” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လ နှစ်ဘက် ပစ်ခက်မှုများ စတင် ဖြစ်ပွားပြီးနောက် KIA က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရယူမည် ဆိုလျှင် ထိုသဘောတူညီချက်၌ ခိုင်မာ၍ အနှစ်သာရရှိသည့် နိုင်ငံရေးတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုပါရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက စစ်ပွဲများ ဆက်လက်ဖြစ် ပွားနေမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုထားသည်။

သို့ရာတွင် KIA အရာရှိများ၊ ရဲဘော်များက ငြိမ်းချမ်းရေးကာလ သတ်ဖြတ်ခံရမှုများကို ထောက်ပြပြီး နောက်တကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ရေးကို အလွန်တရာ မနှစ်မြို့သည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဦးတင်အောင်မြင့်ဦး ကဲ့သို့ စစ်ခေါင်းဆောင်ဟောင်းများ ဦးစီးသော အစိုးရအဖွဲ့နှင့် ညိုနှိုင်းရန် ယုံကြည်မှု ပျက်သုဉ်းနေသည်ကို တွေ့ရသည်။

၂၀၀၅ ခုနှစ် အမေရိကန်တွင် နိုင်ငံရေး ခိုလှုံသွားသော အစိုးရတပ်မှ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ကမူ အထက်ဖော်ပြပါ သတ်ဖြတ်မှုများသည် ၂၀၀၀ ပြည့်နှစ်အချိန်လောက်မှစ၍ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ အမိန့်အရ စစ်တပ်က တိုင်းရင်းသား အပစ်အခတ် အဖွဲ့များအား ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန်၊ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသများ၌ စစ်အင်အား တိုးချဲ့ရန် စသည့် မူဝါဒများနှင့် အဓိက သက်ဆိုင်သကဲ့သို့၊ ဦးတင်အောင်မြင့်ဦး၏ ကြမ်းကြမ်း တမ်းတမ်း အုပ်ချုပ်မှုများကြောင့်လည်း ဖြစ်သည်ဟု ဧရာဝတီအား လွန်ခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

03-2006_Kutkai_Killings8

မြုပ်နှံ သဂြိင်္ုဟ်ရန် သယ်ဆောင်လာပုံ
“တင်အောင်မြင့်ဦး ဆိုတာ တပ်ထဲမှာတော့ လူသတ်သမားလို့ နာမည်ကြီးတဲ့လူပါ။ သူရဲ့ ဆောင်ပုဒ်က ရန်သူကို မညှာနဲ့၊ ရှင်းစရာရှိရင် အပြတ်ရှင်း၊ ဒါကသူပြောနေကျ။ ရန်သူကို ညှာလာလို့ ဆိုပြီး ဗိုလ်မှူးလောက် အဆင့် ရှိတဲ့သူကို ပါးရိုက်ပစ်တာ ကျုပ်ကိုယ်တိုင် မြင်ဖူးတယ်” ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

KIA အရာရှိများက ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရတပ် တိုက်ပွဲများတွင် အဓိက ပါဝင်နေသူတဦးမှာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်သည်ဟု ယူဆကြသည်။ ဗိုလ်မှူးကြီးဇော်ရောနှင့် အခြား KIA အရာရှိများက ဖော်ပြပါ သတ်ဖြတ်မှုများအား ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တားနား အဆိုပြုထားသည့် မြန်မာနိုင်ငံ အတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင် နှင့် တခြား နိုင်ငံတကာ တာဝန်ရှိသည့် အဖွဲ့အစည်းများက စုံစမ်း အရေးယူ ဖော်ထုတ်သင့်ကြောင်း ပြောဆိုကြသည်။

“ကုလသမဂ္ဂက ဒီကိစ္စတွေကို စုံစမ်း ဖော်ထုတ်စေချင်တယ်။ ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" ဟု ဗိုလ်မှူးကြီးဇော်ရောက ဆိုသည်။
by:Irrawady

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers