ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။
ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။
အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံး ရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။
သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။
ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။
ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။
အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။
အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။
ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။
ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။
လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။
အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။
စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။
၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။
ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည် ဖော်တော့ သည်။
ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။
ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေ တရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။
စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။
စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။
ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ ပါသနည်။
တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။
၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန် ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှု မပြုရုံသာမက စစ်အစိုးရ အကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ ပါသေးသည်။
၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။
၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။
၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။
ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။
သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။
လူကြီးလူကောင်း ဆန်လှပါပေသည်။
သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။
သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။
လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။
NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။
တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။
ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။
NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။
အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။
သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။
ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။ ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာ ချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။
ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေး သဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။
ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။
ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။
NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြား အုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။
ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။
အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။
NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင် သန့်စင်လာသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။
သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။
၎င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။
ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက် ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်း စုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။
လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။
ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက် နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။
သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။
ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။
စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။
ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။
ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။
ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။
အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။
ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။
ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်း စုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။
ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံ ညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။
သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။
သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။
အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။
အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။
ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။
ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။
အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။
ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည် ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။
ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။
အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။
သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။
ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။
စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။
သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။
ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့် သူများတော့ ဟုတ်ဟန်မတူပါချေ။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။
စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။
သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။
အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။
တွေးတောဖွယ် ဖြစ်သည်။
စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။
ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာ သည်။
သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။
ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။
ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြော ဆိုလာသည်။
သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။
အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။
ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။
ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။
ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။
သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။
နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေ အောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။
တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။
၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။
ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။
မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။
ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။
အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။
သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။
ပြည်သူတို့ မသိရသေး။
သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။
တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။
ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။
အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။
သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။
တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။
ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင ပေသည်။
ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။
ထူးပါသည်။
လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။
အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။
ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။
လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။
တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။
“တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင် ဆန်းစုကြည် နှစ်သက်ပုံရသည်။
“စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။
သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။
နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေး ဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။
လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။
ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်း သက်သက်သာ ဖြစ်ခဲ့ပါမ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။
ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။
လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။
လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။
ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။
လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင် ရသည်။
လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။
ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။
တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။
သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။
၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။ ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်း စုကြည် ဘာတွေများ ရရှိထားပါသနည်း။
ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။
အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် များသိရှိကြပါသလော။
စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။
ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။
မလုပ်ဟု မျှော်လင့်မိပါသည်။
ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာ ရသည် ဟုဆိုရပါမည်။
နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။
အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေး သောကြောင့် ဖြစ်သည်။
ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။
ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစား လိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။
ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။
လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။
ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။
သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။
သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။
စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။
တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။
တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။
ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။
နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက် နှင့် နှမ်းထွက် မကိုက်ဖြစ်ရ ပြန်ပါသည်။
နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။
အမာဂိုဏ်း၊ အပျော့ဂိုဏ်း ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခု ကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။
သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။
တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။
စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်း စုကြည်ကို ပြောလိုက်သလား မသိပါ။
ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။
အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။
စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။
သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။
တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။
တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။
အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။
သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။
သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။ သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။
ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။
နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။
သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။
ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။
တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။
နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။
အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။
လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။
မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။
ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။
ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။
IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။
အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။
ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။
အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။
ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။
ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။
ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။
ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။
သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။
ထာဝရတော့ မဟုတ်။
တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။
သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။
ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။
၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။
တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။
၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သော ကြောင့် မပေးနိုင်ခြင်းဖြစ်သည်။
စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။
ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။
စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။
တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။
ထောင်ချစရာရှိတာကို ထောင်ချ သည်။
တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။
ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။
ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။
တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။
ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။
၎င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။
စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။
ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။
စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။
တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။
၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။
တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။
၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။
ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။
သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။
ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။
လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။
ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်း ဆိုလာကြ ပါလိမ့်ဦးမည်။
သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။
နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။
လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။
ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ် တတ်ပါသည်။
တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။
လူထုကို ဘာလုပ်စေချင်ပါသနည်း။
လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။
ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။
တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။
သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစား မထားခဲ့လေ သလော။
စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။
ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။
တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။
ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ် ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။
တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့က တဆင့် အသံလွှင့်ပေးသည်။
တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။
ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။
အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။
လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်။
သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။
ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။
လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။
ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။
- John Stewart
Copy From hittai

0 comments