By:facebook news
မြန်မာပြည်မြောက်ပိုင်း မနောမြေ ကချင်ပြည်နယ်မှာ စစ်အစိုးရတပ်များက ကေအိုင်အို-ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေကို စစ်တိုက်နေတာတွေ ကြားသိနေရပါတယ်။ ဒီဒေသတွေမှာ စစ်မဖြစ်တာ ကြာပါပြီ။ အခုတော့ ကချင်တပ်ဖွဲ့တွေက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့လား။ နယ်ခြားစောင့် တပ် ဖွဲ့မလုပ်လို့လား။ စစ်တိုက်ရတဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ စဉ်းစားစရာတွေ အများကြီးရှိပေမဲ့ တရုတ်အစိုးရနဲ့ မြန်မာကြံ့ဖွတ်သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မဟာဗျူဟာမြောက်မိတ်ဆွေဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာတွေနဲ့လဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။
သူတို့ရဲ့မဟာဗျူဟာမြောက် မိတ်ဆွေပြုမှုဟာ ပြည်သူလူထု အကျိုးစီးပွားနဲ့တော့ မသက်ဆိုင်ဘူးဆိုတာ လူတိုင်းသိရှိကြမှာပါ။ အခုစစ်ပွဲတွေဟာ ကချင်ပြည်နယ်မှာ တရုတ်အစိုးရရဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေ၊ တာပိန်မြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းကိစ္စတွေ လမ်းချောမွေ့အောင် ကချင်တပ်တွေကို ဖယ်ရှားလိုတဲ့သဘောနဲ့ တိုက်နေတာလဲ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရဟာ အရင်တုံးက ခေတ်အဆက်ဆက် ပြည်ကြီးတရုတ်နဲ့ သာမန် အိမ်နီးချင်းဆက်ဆံရေးထက် မပိုခဲ့ပေမဲ့ မြန်မာပြည်မှာ ၁၉၈၈ အရးတော်ပုံ လူထုအုံကြွမှုဖြစ်ပြီး၊ တရုတ်ပြည်မှာ ၁၉၈၉ တီယင်နာယင်ပြင် လူထုအုံကြွမှုဖြစ်ခဲ့တဲ့နောက် လူထုကိုဖိနှိပ်တာခြင်းတူတဲ့ အစိုးရနှစ်ခုဟာ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဘို့ အကြောင်းတွေ ရှာလာခဲ့ကြပါတယ်။
လူထုဖိနှိပ်တဲ့နေရာမှာ အာဏာရှင် မူဝါဒခြင်းတူညီကြလို့ မြန်မာပြည်သူတွေ ပြောနေကြတာက တရုတ်နဲ့ မြန်မာမှာ တရုတ်က ဆရာလား။ မြန်မာက ဆရာလား။ ဘယ်သူက ဆရာ၊ ဘယ်သူကတပည့်လို့ မသိပေမဲ့ မိတ်ဆွေဆက်ဆံရေးလို့ မထင်ကြပါဘူး။ ဆရာ-တပည့်ဆက်ဆံရေးလို့ဘဲ ထင်ကြတယ်။ မြန်မာစစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို လူထောင်ပေါင်းများစွာ သတ်ပြီးနှိမ်နင်းခဲ့တဲ့အတိုင်း တရုတ်အစိုးရက ၁၉၈၉ ခုနှစ် ကျောင်းသားများအုံကြွခဲ့တဲ့ တီရင်နမ် ရင်ပြင်ဆန္ဒပြပွဲကို ရက်ရက်စက်စက် ချေမှုန်းခဲ့တယ် မဟုတ်ပါလား။ ဒီတော့ လူထုကို ဖိနှိပ်တဲ့နေရာမှာတော့ မြန်မာစစ်အစိုးရက ပြည်ကြီးတရုတ်ရဲ့ ဆရာလို့တောင် ပြောနိုင်မယ်ထင်ပါတယ်။
ဒါပေမဲ့ ၁၉၈၈-၈၉ ခုနှစ်တွေမှာ လူထုအုံကြွမှုကို ရင်ဆိုင်ခဲ့ရတာခြင်းတူပေမဲ့ ပါးနပ်ပြီးဥာဏ်ရှိတဲ့ တရုတ်ခေါင်းဆောင်တွေက စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုကိုတော့ တရုတ်ပြည်သူတွေ ကျေနပ်မှု တစုံတရာရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘာမှာပါ စီးပွားရေးအင်အားကြီးနိုင်ငံတခုအဖြစ်လဲ တက်လှမ်းနိုင်ခဲ့တယ်။
မြန်မာစစ်အာဏာရှင်တွေကတော့ တရုတ်ခေါင်းဆောင်တွေလို မပါးနပ်ဘူး။ ဥာဏ်မရှိဘူး။ ငါတို့စစ်တပ်မှ စစ်တပ်။ ငါတို့ဘဲ လုပ်တတ်ကိုင်တတ်တယ်ဆိုတဲ့ တယူသန် တဇောက်ကန်း တဇွတ်ထိုး ဆက်လုပ်နေလို့ မြန်မာနိုင်ငံဟာ လူမွဲတိုင်းပြည် -လူရာမ၀င်တဲ့ တိုင်းပြည်ဘ၀က နလံမထူနိုင်သေးဘူး။
အခုအချိန်မှာတော့ တရုတ်ပြည်ရဲ့အနေအထားနဲ့ မြန်မာ့အနေအထားဟာ မိုးနဲ့မြေလောက်ကွာနေပါပြီ။
စစ်အစိုးရရဲ့ နောက်ကွယ်ရောက်သွားတဲ့ ခေါင်းဆောင် ဗိုလ်သန်းရွှေက အင်အားကြီးတရုတ်နိုင်ငံကို နိုင်ငံရေး ကစားကွက်ဆင်နေတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ တကယ်တော့ ဒါကို နိုင်ငံရေး ကစားတယ်လို့ မဆိုနိုင်ပါဘူး။ ရှေ့ရေး၊ နောင်ရေး မတွေးတတ် မဆင်ခြင်တတ်လို့ ကျားပါးစပ်ထဲ လက်ထိုးတာ။ အန္တရာယ်နဲ့ ကစားတာလို့ဘဲ ပြောချင်တယ်။ တကယ်လို့ ဗိုလ်သန်းရွှေ ဒီလိုကစားခဲ့တယ်ဆိုရင်လည်း ဆိုက္ကားနင်းလာတဲ့သူက အရှိန်နဲ့မောင်းလာတဲ့ ဆယ်ဘီးကားကို သွားကစားသလို ဖြစ်ချင်ဖြစ်မယ်။ ၁၆ နှစ် မိန်းမပျိုလေးက အိမ်ထောင် ဆယ်ခါကျဘူးတဲ့ ဦးလေးကြီးကို သွားကစားသလို ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ကဘာမှ မဟုတ်ဘဲ သွားကစားရင် ကိုယ်ဘဲ ဘ၀ပျက်မယ်။ တိဘက်ဟာ မြန်မာအတွက် စံထားရမဲ့ ဥပမာဘဲ။ လွတ်လပ်တဲ့တိဘက်ကို တရုတ်က အတင်းဝင်သိမ်းခဲ့တာ ဓားပြသိမ်း။ မြန်မာနိုင်ငံကိုတော့ အနုကြမ်းစီးသလို လုပ်မှာ။ ပုံစံခြင်း တူချင်မှ တူမယ်။ ဒါပေမဲ့ ကိုယ်အထိနာနိုင်တာကို ထည့်စဉ်းစားရမယ်။
အမှန်စင်စစ်တော့ ဗိုလ်သန်းရွှေဦးဆောင်ခဲ့တဲ့ စစ်အစိုးရအဖို့ ပြည်သူလူထုတောင်းဆိုနေတဲ့ ဒီမိုကရေစီအရေးတွေ၊ လူ့အခွင့်အရေးကိစ္စတွေအတွက် ပြည်တွင်းအတိုက်အခံများနဲ့ ဆွေးနွေးတိုင်ပင်တာ မလုပ်ဘဲ၊ တရုတ်နဲ့ပေါင်းတာ မြောက်ကိုရီးယားနဲ့ဆက်သွယ်တာတွေ လုပ်နေတာဟာ လမ်းလွဲတွေနောက် လိုက်နေတာ။ ထွက်ပေါက်ရှာ မှားနေတာပါဘဲ။ ကိုယ့်ပြည်သူအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမှာကိုတော့ ၀န်လေးပြီး အကျိုးမရှိတဲ့ အပေါင်းအသင်း အထောက်အခံရှာနေတာပါဘဲ။
ဒီလိုလမ်းလွဲကြီးကို လိုက်နေသေးသ၍လည်း ကိုယ်အကျိုး သူအကျိုးမျှတကြည့်ရှုမဲ့ မိတ်ကောင်းဆွေကောင်းနိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်ဘို့ ထပ်လွဲနေဦးမယ်။ ကင်းဝေးနေဦးမယ်ဆိုတာ ပြောရဲပါတယ်။ ကမ္ဘာ့ရဲ့ တခြား-တခြားဂုဏ်သိက္ခာရှိတဲ့ နိုင်ငံများနဲ့ ကင်းကွာလာတာနဲ့အမျှ ပုလင်းတူ ဗူးဆို့ အာဏာရှင်တရုတ်ကြီးကိုဘဲ အားကိုးအားထား ပြုရတော့မှာပါ။ တရုတ်ကြီးက မြောက်ကိုရီးယားလို နိုင်ငံဆီက လက်နက်မှောင်ခိုဝယ်နိုင်အောင်လဲ ပွဲစားလုပ်ပေးဖေါ်ရမယ်။
သူ့ရဲ့အပေါစားကုန်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာ့သယံဇာတတွေနဲ့လဲ ယူမယ်။ ဒါကလွဲရင် တရုတ်က မြန်မာပြည်မှာ တကယ်လိုအပ်တဲ့ နည်းပညာအကူအညီမျိုး မမျှော်လင့်ပါနဲ့။ မပေးပါဘူး။ တရုတ်ကြီးအဖို့ နိုင်ငံကြီးသားတွေ ဂုဏ်သိက္ခာတွေလိုမှ မလိုတာ။ ဂုဏ်သိက္ခာထက် အရေးကြီးတာက သူ့တိုင်းပြည်က များပြားလှတဲ့ မရေမတွက်နိုင်တဲ့ ပါးစပ်ပေါက်တွေချောင်လည်ရေးနဲ့ သူ့တိုင်းပြည်မှာ စီးပွားရေးကောင်းနေရေးဘဲ။ ဒါမှသူ့တိုင်းပြည်မှာ နောက်ထပ် တော်လှန်အုံကြွမှုတွေ မဖြစ်မှာ။ မြန်မာလို နာမည်ပျက် နိုင်ငံမျိုးဆီက သူ့တိုင်းပြည် သူ့လူမျိုးကောင်းစားရေးအတွက် သူလိုချင်တာကို သူခိုးဈေးနဲ့ ဝယ်ယူဖို့ဘဲ သူလုပ်သွားမှာ။
ဒီလို အချောင်ရဘို့ သူလုပ်နိုင်တာက မြန်မာစစ်အစိုးရ ပြည်သူလူထုအပေါ် ဘယ်လိုဖိနှိပ် ဖိနှိပ်။ ပါးစပ်ပိတ်နေမယ်။ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရကို တနည်းနည်းနဲ့ အရေးယူမယ်ဆို ကန့်ကွက်မဲ လုပ်ပေးမယ်။ လက်နက်အညံ့စား (Date out) တွေ ထုတ်ရောင်းမယ်။ ဒီလောက်ဘဲ။
မြန်မာစစ်အစိုးရအဖို့တော့ ကျေးဇူးရှင် တရုတ်ကြီးကို အကြောင်းရှိတိုင်း ဗိုလ်သန်းရွှေ ပြေးသွားလိုက်။ ဗိုလ်မောင်အေး ပြေးသွားလိုက်။ ဗိုလ်ရွှေမန်း ပြေးသွားလိုက်။ တခါ လူထုဖိနှိပ်မှု လုပ်လိုက်။ ထောက်ခံဘို့ တရုတ်ကို ပြေးလိုက်။ စစ်ခေါင်းဆောင်ထည်လဲနဲ့ ပြေးပြီး ခြေသလုံးဖက်နေကြတာ။ တခါပြေးတိုင်း တရုတ်တောင်းသမျှ အခွင့်အရေးတွေ လိုက်လျောလိုက်ရ။ အရင်က မသိမသာ။ အခုတော့ ပြောင်ပြောင်တင်းတင်း။ ကြာနေပြီ။ ကြာနေပြီ။ တရုတ်မငြိုငြင်ဘို့ ကြည်ဖြူဘို့။ အခွင့်အရေးတွေ ပေးနေရတာ။ ပြည်သူကို ပြောင်သာ အသိမပေးတာ။ အတွင်းကျိတ်မှာ တရုတ်အလိုကျ ချိုမိုင်မိုင် ကပြနေရတာ။
နယ်စပ်တွေက ယူနမ်တရုတ်တွေ မြန်မာပြည်ထဲ အခြေချနေတာကို လ၀က က မြန်မာနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရတယ်။ စစ်တပ်က မသိဘဲ လ.၀.က မလုပ်ရဲပါဘူး။ ယခုဆို မန္တလေးမြို့ကြီးဟာ မူလမြို့ခံတွေက အစွန်အဖျားရောက်ကုန်ကြပြီ ယူနမ်တရုတ်ကြီးတွေက မြို့လယ်ခေါင်မှာ ဒုတိယရှန်ဟိုင်းလို နေနေကြတာ စစ်တပ်နဲ့ လ.၀.က ပေါင်းပြီး တရုတ်တွေ အခြေချနေထိုင်ခွင့်ပြုပေးနေရတဲ့ သဘောဘဲ။
ဖားကန့်လို ကျောက်စိမ်းထွက်တဲ့ ဒေသမှာ တရုတ်ပြည်ကြီးကြိုက် ကျောက်စိမ်းတူးခွင့်တွေ၊ သတ္တုရှာဖွေခွင့်တွေ ပေးရတယ်။ လူသုံးကုန်ပစ္စည်းမျိုးစုံ ကုန်သွယ်မှုအတွက် လမ်းဖွင့်ပေးရတယ်။ လမ်းဖွင့်ပေးတယ်ဆိုပေမဲ့ မြန်မာအစိုးရက ပါးစပ်ကဘဲ ဖွင့်ပေးနိုင်တာ။ လက်တွေ့မှာ လက်နက်ဝယ်ဘို့ဘဲ တိုင်းပြည်ငွေကို သုံးပြီးနယ်စပ်ဒေသ မော်တော်ကားလမ်းခင်းတာမျိုးအတွက် ငွေကြေးစိုက်ထုတ် သုံးလေ့သုံးရိုး မရှိပါဘူး။ တရုတ်-မြန်မာနယ်စပ်လမ်းခင်းဘို့ကုန်ကျတဲ့စရိတ်ကို တရုတ်က စိုက်ထုတ်ရတယ်။ ထုတ်မှာပေါ့။ သူအကျိုးများတာကိုး။ အလုပ်လုပ်မဲ့ အလုပ်သမားတွေကိုလဲ တရုတ်က သူလူမျိုးသူခေါ်လာပြီး မြန်မာပြည်ထဲ ၀င်လုပ်စေတာ။ အခုစစ်ဖြစ်နေတဲ့ ဒေသတွေက လမ်းတွေကိုတရုတ်က ၁၉၉၈ ခုနှစ်လောက်ကတည်းက သူ့လမ်းသူခင်းပြီး ကုန်သွယ်နေခဲ့တာ ကြာပါပြီ။
ဗန်းမော်မြို့က အရှေ့ဘက်ကို ငါးမိုင်လောက်ထွက်တာနဲ့ (သို့မဟုတ်) ၀ိုင်းမော်မြို့က အရှေ့ဘက်ကို ငါးမိုင်လောက်ထွက်တာနဲ့ လမ်းတွေပေါ်မှာ မြန်မာကား မရှိသလောက်ပါဘဲ။ မြန်မာအလုပ်သမား မတွေ့ရ သလောက်ပါဘဲ။ ကားနံပတ်တွေက တရုတ်နံပတ်ပြားတပ်ထားသလို လမ်းတွေပေါ်မှာ တဲတွေထိုးပြီး အလုပ်လုပ်နေတဲ့ တရုတ်အလုပ်သမားတွေဟာ သူ့တိုင်းသူ့ပြည်ထဲနေသလို မိသားစုအစုံအလင်နဲ့ နေထိုင်လုပ်ကိုင်နေကြတာပါ။ တောင်နံရံတွေကို မိုင်းခွဲနေတဲ့ တရုတ်မိုင်းပညာရှင်တွေကို တွေ့ရတတ်သလို အလုပ်သမားတွေကို ဆေးကုပေးနဲ့တဲ့ တရုတ်ဆေးဆရာတွေကိုတောင် တွေ့ရတတ်ပါသေးတယ်။
အင်္ဂလိပ်တွေ မဟာမိတ်တွေဖေါက်ခဲ့တဲ့ လီဒိုလမ်းမကြီးပေါ် ၀ိုင်းမော်-ဆဒုံးပါ- ကန်ပိုင်တီ လမ်းတလျောက်မှာဆိုရင် တရုတ်လူမျိုးတွေရဲ့ ၁၀ ဘီးထရပ်ကား ရှည်ကြီးပေါ် မြေတူးဘူဒိုဇာ စက်တွေ ၃-၄ စီးလောက်တင်ပြီး မြန်မာပြည်ဘက်ချီတက်လာနေတဲ့ ကားတန်းရှည်ကြီးတွေကို တွေးမြင်နိုင်မှာ ဖြစ်ပါတယ်။ မြေတူးစက်တွေက ဖားကန့်အနီးတ၀ိုက်က ကျောက်စိမ်းကြွယ်ဝလှတဲ့ တောင်ကြီးတွေကို ဖြိုချဘို့။ ၁၀ ဘီးကားကြီးတွေအပြန်မှာတော့ ကချင်ပြည်နယ်က ကျောက်စိမ်းနဲ့ သတ္တုရိုင်းတွေ ပါဝင်တဲ့တောင်ဖြိုထားတဲ့ မြေကြီးတွေကို သယ်ယူသွားကြတာ နေ့စဉ်နဲ့အမျှပါ။ ဒီလို တောင်ဖြို – မြေသယ်လုပ်နေတာတွေဟာ နေ့စဉ်နေ့တိုင်းတွေ့ပေမဲ့ မြန်မာစစ်တပ်က အရာရှိတယောက်တလေကမှ အတားအဆီးမရှိ ခွင့်ပြုနေခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ပေ ၄- ၅ ထောင် အမြင့်ရှိတဲ့ တောင်ကြီးတွေလဲ ကုန်သလောက်ရှိနေပါပြီ။ တောင်တလုံးကို ဒီတခေါက် မြင်ရပေမဲ့ နောက်တလလောက်အကြာ နောက်တခါက်မှာ ဒီနေရာဟာ ကွင်းပြင်ကြီး ဖြစ်နေတတ်ပါတယ်။ မကြာမီ တောင်တွေ ပြုန်းတော့မယ်။ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ တရုတ်လူမျိုးတွေ လွမ်းမိုးနေတာက မြန်မာလို မြန်မာစကားပြောရင် နားလည်သူမရှိသလောက်ဖြစ်နေပါပြီ။ကချင်စကား၊ ရှမ်းစကားလဲ ပွဲမတိုးသလောက်ပါဘဲ။
ပြီးတော့ ကချင်ပြည်နယ်အပါအ၀င် စစ်ကိုင်းတိုင်းတွင်းက ကျွန်းနဲ့သစ်မာမျိုးစုံကို စစ်အစိုးရအာဏာပိုင်တွေရဲ့ မိသားစုပိုင် သစ်ကုမ္ပဏီတွေက ဆယ်ဘီးကားကြီးတွေနဲ့ ၇ မိနစ်ကို တစီးနှုန်းနဲ့ တရုတ်ပြည်ဘက်ကို ပို့နေတာလဲ လူပြောများလှတဲ့ကိစ္စပါ။ ဗန်းမော်-မန်စိ-ကိုက်ထိပ်-မန့်ဝန်းကြီး လမ်းတလျောက်မှာဆိုရင် သစ်တင်တဲ့ ကားကြီးတွေကို တရုတ်ပြည်ဘက်တန်းစီထွက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒေသခံမြန်မာနိုင်ငံသားတွေကိုတော့ တပေအရှည်ရှိတဲ့ သစ်တိုကလေးတချောင်းတောင် တနေရာက တနေရာကို သယ်ယူခွင့်ပိတ်ပင်ထားပါတယ်။ ဟိုရွာက ဒီရွာကို -ဒီရွာက ဟိုရွာကို သယ်ယူခွင့်မပေးလို့ ဒေသခံတွေမှာ နာရေးရှိလို့ အသုဘ ခေါင်းလုပ်ဘို့တောင် သစ်ရှာရခက်တယ်ပြောကြပါတယ်။
မြန်မာဘက်က အဘိုးတန် ကျောက်စိမ်းတွေ -သတ္တုတွေ-ကျွန်းသစ်နဲ့ သစ်မာတွေ ထွက်နေပေမဲ့ တရုတ်ဘက်က ပြန်လာတာတွေက ပေါချောင်ညံ့ တရုတ်လုပ် ကုန်ပစ္စည်းတွေပါ။
တရုတ်ကုန်ပစ္စည်းတွေ တပြည်လုံးအနှံ့ရောက်ရှိနေပေမဲ့ အားလုံးအရည်အသွေး မပြည့်မီတဲ့ ပစ္စည်းအညံ့စားတွေဆိုတာ မြန်မာနိုင်ငံသားတွေအားလုံး ကလေးကအစ ခွေးအထိ သိရှိကြပါတယ်။ မြန်မာပြည်ကို စီမံခန့်ခွဲနေတဲ့ စစ်တပ်အစိုးရက နားဖာကလော်တောင် ကြေးရောင်ပြောင်ပြောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်လို့ တရုတ်က ၀င်လာတဲ့ စက်ပစ္စည်းတွေကို သုံးနေရပေမဲ့ (တရုတ်စက် တရက်စုတ်) လို့ လူတိုင်းပါးစပ်ဖျားက ပြောနေကြပါတယ်။ တကယ်လဲ တရုတ်ပြည်က သွင်းလာတဲ့ စက်ပစ္စည်းမှန်သမျှဟာ တခဏဘဲ အသုံးခံပါတယ်။ အခုတလော ၀င်လာတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်ထမင်းပေါင်းအိုးတွေ၊ ရေနွေးအိုးတွေဆိုရင် နေ့ဝယ် ညပျက်တောင်ဖြစ်တတ်ပါတယ်။ တရက်နဲ့ စုတ်တဲ့ တရုတ်စက်လေ။ မြန်မာပြည်က လျှပ်စစ်ပညာရှင်တွေကတော့ လျှပ်စစ်ပစ္စည်းဆိုရင် တရုတ်ပစ္စည်းမသုံးပါနဲ့။ ၀ါယာရှော့ဖြစ်နိုင်တယ်။ မီးလောင်နိုင်တယ်။ အသက်အန္တရာယ်ရှိတယ်လို့ ဆိုနေကြပါတယ်။
အဲဒီလိုဘဲ။ တရုတ်နယ်စပ်က ၀င်နေတဲ့ ဆေးဝါးပစ္စည်းတွေဟာ အရည်အသွေးမပြည့်မီဘူး။ သတ်မှတ်ထာတဲ့ မီလီဂရမ်မပြည့်မှီတာတွေကို တင်သွင်းနေတာပါ။ တရုတ်စီးပွားရေးသမားတွေ လုပ်ကိုင်နေပုံထဲမှာ ဆေးဝါးတွေက အဆိုးဆုံးထင်ပါတယ်။ ဆေးတမျိုးကို (ဥပမာ ၀မ်းချူဘူး) တမျိုးကို တံဆိပ်တခုနဲ့ ထုတ်လုပ်မယ်။ အရည်အသွေးကောင်းမယ်။ ဒါကို တနှစ်လောက်ထုတ်လို့ မြန်မာတပြည်လုံး လူကြိုက်များပြီး ဈေးကွက်ကျယ်လာပြီဆိုတာနဲ့ ဒီတံဆိပ်နဲ့ဘဲ လုံးဝအာနိသင် မရှိတဲ့ ပစ္စည်းကိုထုတ်ပြီး နောက်ထပ် တနှစ်လောက် အသားလွတ် အမြတ်ယူသွားတာပါ။ မြန်မာပြည်သူတွေရဲ့ အိတ်ထဲက လူတိုင်းနီးပါးဆီက ငွေကို လိမ်ယူသွားတဲ့ သဘောပါဘဲ။
ပိုသတ်ဆေး (Antibiotic) တွေကို ဒီလိုထုတ်လုပ်တင်သွင်းနေလို့ မြန်မာပြည်မှာ ဆေးယဉ်ပါးမှု ပြဿနာကလည်း ကြီးမားတဲ့ ပြဿနာတရပ်ပါဘဲ။ တရုတ်ဆေးက ဈေးချိုတော့ တခွက်စာ ကွမ်းယာဆိုင်မှာ ၀ယ်သောက်သူတွေအဖို့ ဆေးယဉ်ပါးမှု ပြဿနာကို ထည့်မတွက်နိုင်ကြပါဘူး။ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားဟာ လူထုကျန်းမာရေးနဲ့ ဆက်စပ်နေတာမို့ တရုတ်ဆေးသုံးစွဲရမှုကြောင့် ရေရှည်အမျိုးသား အကျိုးစီးပွားထိခိုက်နစ်နာမှုကိုသာ သုတေသနလုပ်ထားရင် မြန်မာနဲ့ တရုတ်ကုန်သွယ်မှုမှာ မြန်မာအကျိုးစီးပွား ဘယ်လောက်နစ်နာနေပြီလဲဆိုတာ မသိနိုင်ပါဘူး။
တရုတ်-မြန်မာဆက်ဆံရေးက စစ်အစိုးရအတွက် အကျိုးကျေးဇူးရှိနေပေမဲ့ ပြည်သူတွေဘက်မှာတော့ နစ်နာမှုတွေချည်းဘဲ။ မြန်မာလယ်သမားတွေရဲ့ လယ်ယာမြေတွေကို စစ်အစိုးရက သိမ်းယူပြီး တရုတ် အထည်ချုပ်လုပ်ငန်းတွေ၊ ဘိနပ်ချုပ်လုပ်ငန်းတွေ၊ ငါးစည်သွတ်ဘူးလုပ်ငန်းတွေ လုပ်ကိုင်နေတာလဲ ကြာခဲ့ပါပြီ။ လယ်ယာမြေဆုံးရှုံးရလို့ ဘ၀ပျက်ရတဲ့ လယ်သမားသားသမီးတွေက တရုတ်စက်ရုံတွေမှာ အလုပ်သမားအဖြစ် ဝင်လုပ်နေကြရပြီး တရုတ်အလုပ်ရှင်ရဲ့ငြိုငြင်မှုကိုခံနေကြရတဲ့အဖြစ်မျိုးတွေ ဖြစ်နေပါတယ်။ ယခု လှိုင်သာယာ၊ ရွေပြည်သာ စက်မှုဇုံနယ်မြေတွေဟာ လယ်ယာမြေကို သိမ်းယူပြီး စက်မှုဇုံလုပ်ထားတာပါ။ အခုတော့ လယ်ယာမြေသိမ်းခံတောင်သူတွေရဲ့သားသမီးတွေက လယ်မဲ့ယာမဲ့ ဘ၀နဲ့ မ၀ရေစာ စက်ရုံအလုပ်သမားတွေပေါ့။
အလုပ်သမားအခွင့်အရေးကာကွယ်ပေးမဲ့ အသင်းအဖွဲ့တွေကလည်း မရှိတော့ မြန်မာတွေအဖို့ တရုတ်လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်နေသမျှ ငုံ့ခံနေကြရပါတယ်။ စစ်အစိုးရကတော့ ဒါတွေလဲ မစဉ်းစားပါဘူး။ သူအာဏာတည်မြဲရေး ပံ့ပိုးမဲ့တရုတ်အစိုးရကြည်ဖြူရေးဘဲ လုပ်မယ်။ ပြည်သူတွေ ဘယ်လောက်နစ်နာ နစ်နာ။ တိုင်းပြည်ကို ဘယ်လို ဘယ်လောက် ထိခိုက် ထိခိုက်။ တရုတ်ကြီး ကြည်ဖြူရေး….. ဒို့အရေး လုပ်နေကြတယ်။
အခုအချိန်ကာလမှာတော့ ပိုဆိုးပြီပေါ့။ ၂၀၀၃ ခု ဒီပဲယင်းအပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု မရှိတဲ့ အစိုးရ။ ပြည်သူတွေအပေါ် ဖိနှိပ်တာ မရပ်တဲ့ အစိုးရ။ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေကို အကြမ်းဖက်တာမျိုး လုပ်တတ်တဲ့ အစိုးရ။ ဒီလို မယဉ်ကျေးတဲ့ဟာတွေ ဆက်လုပ်နေတဲ့ မြန်မာစစ်အစိုးရလို အစိုးရမျိုးနဲ့ ပေါင်းသင်းဆက်ဆံဖို့ တကမ္ဘာလုံးက တွန့်ဆုတ်ချိန်မှာ စစ်အစိုးရအဖို့ အားကိုး အားထားရာဟာ တရုတ်အစိုးရဘဲ ရှိတော့တယ်။
မှတ်မိကြမယ်ထင်ပါတယ်။ ဒီပဲယင်းပြီးကတည်းက တရုတ်ကို မျက်နှာချိုသွေးပြီး စွမ်းအင်လုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ဆည်မြောင်းလုပ်ငန်းတွေ၊ ရခိုင်ကမ်းလွန်က ဓါတ်ငွေ့လုပ်ကိုင်ခွင့်တွေနဲ့ ဆက်သခဲ့ရတာ။ ကိုးကန့်ကိစ္စပြီးတော့ ကျောက်ဖြူရေနံပိုက်လိုင်း စီမံကိန်း၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း စတာတွေကို လက်မှတ်ထိုးပေးလိုက်ရတယ်။
အခုအစိုးရသစ်ဆိုပြီး ပေါ်လာတော့လဲ သမ္မတ ဦးသိန်းစိန်တယောက် မစ္စတာဝမ်ကြာပေါင်က ကြိမ်စင်္ကြာနဲ့ ရိုက်ပြီးခေါ်လိုက်လေသလား မသိဘူး။ သမတကျမ်းကျိမ်ပွဲ ပြီးတာနဲ့ ကျမ်းထုတ်ချပြီး တရုတ်ပြည်ကို သုတ်ခြေတင်တော့တာဘဲ။
စစ်အစိုးရခေါင်းဆောင်တွေ တရုတ်ပြည်တခါသွားတိုင်း မြန်မာဘက်က ဆက်သလိုက်ရတာ ချည်းပါဘဲ။ ဒီတခါတော့ လုပ်ငန်းလုပ်ခွင့် အမျိုးမျိုးအပြင် ကျောက်ဖြူက ကျယ်ခေါင်အထိ ရထားလမ်းဖေါက်ရေး စီမံကိန်းပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေကတော့ ယူနမ်က ရန်ကုန်မြို့ထိ ရာထားလမ်းဖေါက်မယ်လို့ သတင်းတွေကြားပြီး စိုးရိမ်နေကြပါတယ်။ ဒီသတင်းကတော့ အတော်လေး ထိတ်လန့်စရာ ကောင်းပါတယ်။ မြန်မာနှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ နှစ်ထောင်ကျော်၊ မိုင်နဲ့ ပြောရင် မိုင်ပေါင်း တထောင့် သုံးရာကျော်ရှည်လျားတာမို့ လူဦးရေ သန်းတထောင့်သုံးရာကျော်ရှိတဲ့ တရုတ်တွေ မြန်မာပြည်ထဲ ကြိုက်သလို ၀င်နေတာကို ဟန့်တားနိုင်ဘို့ ခက်သွားပါပြီ။ လူဦးရေများလွန်းလို့ လူချောင်တဲ့နေရာ ဘယ်ကို သွားရ-သွားရ။ ပင်လယ်ပြင် လက်ပြစ်ကူရမလား။ သမုဒ္ဒရာကို လှေပေါက်စလေးနဲ့လှော်ပြီး ကူးရမလား။ လေယာဉ်ဘီးဖက်လိုက်ရမလား။ စွန့်စွန့်စားစား ထွက်ခွာနေကျ တရုတ်တွေအဖို့တော့ သမ္မတ ဦးသိန်းစိန်က ဖုတ်သွင်းရထားလက်ဆာင်ပေးပြီလို့ အောင်းမေ့ကြမှာ အမှန်ဘဲ။ (၁၉၉၅ ခုနှစ်လောက်က တရုတ်လူမျိုးတယောက် ဂျပန်ကို လေယာဉ်ဘီးဖက်ပြီး လိုက်လာဘူးပါတယ်။ ဂျပန်နာရီတာ လေယာဉ်ကွင်းရောက်တော့ နှင်းတွေထဲ လူပါခဲနေလို့ အတော်ခွာယူရဘူးပါတယ်။)
၁၉၉၈ ခုလောက်တုန်းက ယူနမ်နယ်က ပြည်ကြီးတရုတ်သူဌေးတွေ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ မြန်မာနိုင်ငံသားအဖြစ်နဲ့ နိုင်ငံရပ်ခြား ထွက်သွားဖူးတယ်။ အဲဒီအချိန်က ယူနမ်တရုတ်တယောက်ကို (မင်္ဂလာဒုံလေဆိပ် ဖြတ်ခ ၀က်တကောင် ၂ သိန်း) လို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ နာမည်ကျော် ကိစ္စဖြစ်သွားဘူးတယ်။ သိသူတွေ သိကြပါတယ်။ အဲဒါက ယူနမ်သူဌေးတွေပါ။ ဦးသိန်းစိန်ရဲ့ ရထားပေါ်မှာကတော့ သူဌေးတွေကော ဆင်းရဲသားတွေကော။ လက်မှတ်ဝယ်နိုင်သူမှန်သမျှ မူဆယ်ဘူတာ၊ မန္တလေး ဘူတာ၊ တောင်ငူ ဘူတာ၊ ပြည် ဘူတာ၊ စစ်တွေ ဘူတာ၊ ကျောက်ဖြူ ဘူတာ၊ လမ်းက ရွာကလေးပေါက်စ ဘူတာပေါက်စ တွေမှာပါ တရုတ်တွေ ဆင်းပြီး အိမ်ထောင်ရက်သားကျ-မြန်မာနိုင်ငံသားဘ၀နဲ့ အခြေချ ကုန်မယ်။ (လ.၀.က ကလည်းစစ်တပ်နဲ့ ပေါင်းပြီး မြန်မာနိုင်ငံသား လုပ်ပေးမှာပါ)။ ရထားလမ်းက တရုတ်ပြည်က မြန်မာပြည်တောင်ဖျားအထိပေါက်ပြီဆိုရင်တော့ ပြောစရာ မကျန်တော့ပါဘူး။ တရုတ်သန်းတရာလောက် နှစ်၂၀-၃၀ အတွင်း ရောက်လာဖို့ သေချာသွားပြီ။ တရုတ်ပြည်အတွက် တရုတ်သန်းတရာလျှော့သွားလို့လဲ ဘာမှ မဖြစ်နိုင်ဘူး။ မြန်မာ သန်း ၆၀+ တရုတ် သန်းတရာ = တရုတ်ပြည် ဖြစ်ကြလေသတည်း။ ဒီလိုနဲ့ နိုင်ငံကော လူမျိုးပါ ပျောက်သွားမယ်။
အမျိုးဘာသာ သာသနာလို့ တဖွဖွပြောတတ်တဲ့ မြန်မာလူမျိုးတွေ သတိထားသင့်တာက မြန်မာစစ်အစိုးရ လုပ်ပုံကိုင်ပုံတွေဟာ အန္တရာယ်အဆင့်ကို ရောက်နေပြီ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာပြည်ကို ပြည်ကြီးတရုတ်တွေဟာ ကုန်းတွင်းပိတ် ယူနမ်ပြည်နယ်ကိုကျော်ပြီး တောင်ဘက် ဘင်္ဂလားပင်လယ်ကို မျှော်ကြည့်နေပြီ။ ရထားလမ်းက နယ်ချဲ့မှု အစ။ ကျူးကျော်မှု အစဘဲ ဆိုတာလဲ သဘောပေါက်သင့်တယ်။
သမိုင်းအစဉ်အဆက်မှာ မြန်မာပြည်ဟာ တရုတ်ပြည်က တန်းတူဆက်ဆံရေးနဲ့ အသိအမှတ်ပြုခဲ့ရတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ တရုတ်တပ်တွေကတော့ မြန်မာမင်းတွေ အသုံးမကျလို့ အင်အားပျော့ညံ့တိုင်း သွေးတိုးစမ်းပြီး ၀င်လာလေ့ရှိပါတယ်။ အခု ကချင်ပြည်နယ်၊ ၀ိုင်းမော်-ဆဒုံပါ ရွာနေရာဟာ အနော်ရထာကအစ-ကုန်းဘောင်မင်းတွေအထိ တရုတ်တပ်တွေ မကျူးကျော်နိုင်အောင် ဆင်တပ်-မြင်းတပ်တွေ စစ်သည်အင်အားအမြောက်အများနဲ့ ခံတပ်လုပ်ထားတဲ့ နေရာပါ။ အခုစစ်အစိုးရ အုပ်ချုပ်ရေး အသုံးမကျလို့ တရုတ်သြဇာခံလို့ ဖြစ်နေရတဲ့ အခြေအနေကို ဟန့်တားနိုင်ဖို့ကတော့ ဒီမိုကရေစီအစိုးရတခု အခိုင်အမာပေါ်လာအောင် ကြိုးစားဖို့ တနည်းဘဲ ရှိပါတယ်။
ဒီကိစ္စဟာ မြန်မာနိုင်ငံသားအားလုံးရဲ့အရေးဖြစ်လို့ လက်ရှိတပ်မတော်ခေါင်းဆောင်များပါ အခြေအနေမှန်ကို စဉ်းစားဆင်ချင်ဥာဏ်နဲ့ လုပ်ကိုင်သင့်ပါတယ်။ ကိုယ်တိုင်းကိုယ့်ပြည်အရေးကို ကိုယ့်တိုင်းသူပြည်သား အချင်းချင်းကို ကျော်ပြီး လွဲမှားတဲ့ အားကိုးလွဲချော်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းသင့်ဘူးဆိုတာ အသိပေးလိုက်ပါတယ်။ စစ်တပ်ခေါင်းဆောင်များကို တရုတ်အားကိုး ပုဆိန်ရိုးလို့ မပြောလိုပါ။ တရုတ်အားကိုး ပုဆိန်ရိုး ဖြစ်မှန်းမသိ ဖြစ်နေတာကို နာကျင်လွန်းလို့ပါ။
0 comments