တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်း
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်းဟာ ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး... နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်..။ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်း၊ ကူမင်း၊ မြစ်ကြီးနား ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများနဲ့ ဆိပ်ကမ်း တည်ဆောင်ရေး လုပ်ငန်းများ အတွက် တရုတ်မှ ယွမ်ငွေ သန်း၁၂၀ အကူအညီပေးဖို့နဲ့ လက်ရှိတည်ဆောက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီလိုအရေးကြီးတဲ့ စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အမြင့်ဆုံးအာဏာပိုင် မြန်မာသံအမတ်ကြီးက လက်မှတ်ရေးထိုးတာ မဟုတ်ပဲ ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်းက လက်မှတ်ရေးထိုးခဲ့တာပါ..။

ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တရုတ်ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်း
ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းရဲ့ ဧရာဝတီနဲ့ ပတ်သက်ပြီး လူထုကို ပမာမခန့် စော်ကားသွားခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်...။ အဆိုပါ ပြောကြားချက်တွေထဲက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာ အနှစ်သုံးဆယ် စီမံကိန်းအတွက် ကြားပွဲစားတွေက တနှစ်ကို သန်း၂၅၀ရမှာ ဖြစ်ပါတယ်..။ ကြားပွဲစား ဘယ်သူတွေဖြစ်နိုင်မယ် ဆိုတာ စဉ်းစား ကြည့်ပါ...။ အေရှဝေါလ် ကုမ္ပဏီပိုင်ရှင် ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင်နဲ့ ဒီစီမံကိန်းမှာ အဓိက တာဝန်ယူ ပေးနိုင်တဲ့ သူကတော့ ဒီယုံမြင်လို့ ဒီချုံထွင်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် အဖြစ် ၂၀၀၈ခုနှစ်ကတည်းက ခန့်အပ်စေလွှတ်ခဲ့တဲ့ ဗိုလ်သန်းရွှေ သားမက်... ဦးဇော်ဖြိုးဝင်းဖြစ်ပါတယ်...။ လက်ရှိ ဗိုလ်သန်းရွှေတို့ရဲ့ မတရားရယူထားတဲ့ ပြည်သူ့ဘဏ္ဍတွေကိုလည်း တရုတ်ပြည်မှာ အဓိက စီမံခန့်ခွဲ ထိန်းသိမ်းပေးနေသူလို့ ဆိုပါတယ်...။ ဗိုလ်သန်းရွှေတို့ အာဏာလက်လွတ်ပြီး နောက်ကွယ်က စီမံခန့်ခွဲနေချိန်အထိ အနှစ်(၃၀) စားမကုန်နိုင်အောင် ဆက်လက် ဂွင်ထွင်ခဲ့တာပါ။

၂၀၁၀ခုနှစ် စက်တင်ဘာလက ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည်သို့ နောက်ဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ မြစ်ဆုံဆည် စီမံကိန်းအား အပြီးသတ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီစီမံကိန်းတွေမှာ အဓိက သက်ဆိုင်နေသူ တစ်ဦးကတော့ ယခုလျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်းပါပဲ...။ နောက်ခံအားမရှိပဲနဲ့ ဒီလို လက်လွတ်စံပယ် ပြောဖို့ဆိုတာကတော့ လွယ်လှတဲ့ကိစ္စ တခုမဟုတ်ပါဘူး..။ ပေးပို့လာတဲ့ သတင်းတွေအရ အဆိုပါ လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းမှလည်း ပွဲစားခရရှိတဲ့ ၅ဦးကော်မတီမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်...။ အေရှဝေါလ်၊ ဦးဇော်ဖြိုးဝင်း၊ ဦးဇော်ဖျင်းနဲ့ ကျန်တဲ့ ၂ဦးကတော့ တရုတ်ပွဲစားကုမ္ပဏီများလို့ ဆိုပါတယ်...။

Eleven Media Group မှာပါရှိတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။
မဂ္ဂါဝပ် ၄၀၀၀မှ ၆၀၀၀သို့ ပြောင်းလဲ လိုက်တာဟာလည်း လောဘအသောမသတ်နိုင်တဲ့ မရိုးသားတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်...။ အဓိကတရားခံကတော့ တိုင်းပြည်ကို နောက်ဆုံး အာဏာလက်လွတ်ချိန်အထိ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ ဗိုလ်သန်းရွှေ မိသားစုပါပဲ...။ ဒီလုပ်ငန်းစဉ်တွေကို အရှေ့က ဒိုင်ခံဖြေရှင်း ပေးနေသူကတော့ မြစ်နဲ့ချောင်းတောင် ခွဲခြားမသိပဲ ဘီလူးချောင်းနဲ့ ဧရာဝတီမြစ်ကို နှိုင်းယှဉ် ဝေဖန်သွားတဲ့ မြန်မာနိုင်ငံမှာ မိမိလောက် သိသူတတ်သူ မရှိဘူးဆိုသူ ဘီလူးခေါင်းဆောင်.. ပြိတ္တာ ဦးဇော်ဖျင်းပါပဲ...။ (ဧရာဝတီအတွက် မခံစားနိုင်လို့ ရိုင်းရင် ခွင့်လွှတ်ပါ)။ စကားချပ်အနေနဲ့ ဘီးလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၃)အား မြန်မာပြည်ရဲ့ စီးပွားရေးဘီလူး ဦးတေဇနဲ့ တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီတို့ ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်...။ ဒီဧရာဝတီ မြစ်ဆုံစီမံကိန်းတွေဟာ ၂၀၀၆ခုနှစ်မှ တရားဝင် စာချုပ်စာတန်းတွေ လက်မှတ် ရေးထိုးခဲ့ ကြပေမယ့် ၁၉၉၃ခုနှစ်ကတည်းက ပမာဏတိုင်းတာ၊ လေ့လာမှုတွေ ပြုလုပ်ခဲ့ဘူးတယ်လို့ ဆိုပါတယ်...။

ဦးဇော်ဖျင်းရဲ့ တာဝန်မဲ့ ပြောကြားချက်တွေကတော့ ၂၃နှစ်လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်တွေရဲ့ ရိုင်းစိုင်း စော်ကားမှုတွေပါပဲ...။ ၂၃နှစ်လုံးလုံး တာဝန်မဲ့ သူတပါးအပေါ်လက်ညှိုးထိုး ပြောဆိုနေကျ လေသံအတိုင်း မည်သူကြောင့်၊ မည်သည့်အဖွဲ့ကြောင့် Sanctionကြောင့်ဆိုတဲ့ စတဲ့စကားများကို တွင်တွင်သုံးလို့မှ အားမရ သက်မဲ့ ဧရာဝတီမြစ်ကြီးအားလည်း စီးချင်တဲ့နေရာ လျှောက်စီးနေသည်ဟု မှတ်သားဖွယ် လက်ညှိုး ထိုးခဲ့ပြန်ပါတယ်...။ အာဏာရှင်တွေကတော့ ပြည်သူကို ပရမ်းပတာ စကားတွေနဲ့ စိန်ခေါ်လိုက်ပြန်ပါပြီ...။ ပြီးခဲ့တဲ့လပိုင်းများက တချို့က ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်း ခေတ္တရပ်ဆိုင်းထားတယ် ဆိုတဲ့အသံတွေ ထွက်လာတဲ့အချိန်မှာ ကျွန်တော့်ဘလော့ဂ်မှာ တရုတ်ကုမ္ပဏီတစ်ခုရဲ့ သြဂုတ်လကုန်ပိုင်းက မြစ်ဆုံဆည်အတွက် တင်ဒါခေါ်စာကို တင်ပြခဲ့ပါတယ်...။ လက်ရှိမြစ်ဆုံဆည် လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ကိုင်နေတာပါ...။ ပွင့်လင်းရာသီရောက်ရင် ဒီထက်မြန်မြန်ဆန်ဆန် လုပ်နိုင်အောင် စီမံကိန်းတွေ ချထားတယ်လို့ ဆိုပါတယ်...။

ပုပ္ပားမီးတောင် တခါပေါက်ခဲ့တဲ့အတွက် နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ ဧရာဝတီမြစ်ကြီးဟာ လမ်းကြောင်း ပြောင်းသွားရုံကလွဲပြီး နှစ်သန်းနဲ့ချီပြီး ကြံ့ကြံ့ခံ စီးဆင်းကာ မြန်မာပြည်သူ ပြည်သားတွေအတွက် အကျိုးပြုနေတာ ယနေ့အထိပါပဲ...။ ကမ္ဘာမှာ အရှည်ဆုံး ရေချိုမြစ်တွေထဲမှာ ယနေ့ထက်တိုင် သန့်ရှင်းတဲ့ မြစ်တခုအဖြစ် ရပ်တည်ဆဲဖြစ်သလို၊ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး မြစ်တွေထဲမှာ ရေကာတာ ဆောက်လုပ်ထားချင်းမရှိပဲ ကျန်နေသေးတဲ့ တစ်ခုတည်းသော မြန်မာပြည်ဖွား မြစ်ကြီးဖြစ်ပါတယ်..။ ပုပ္ပားမီးတောင် ပေါက်ကွဲတာတောင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အမိဧရာဝတီမြစ်ကြီးကို ဘာမဟုတ်တဲ့ တိုင်းတပါးသား ပြည်ပပယောဂနဲ့ ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုတဲ့ စစ်အာဏာရှင်တွေ လက်ထဲမှာ ကျွန်တော်တို့ အမိဧရာဝတီကို အဆုံးအရှုံးမခံနိုင်ပါဘူး။ စစ်အာဏာရှင် စံနစ်အောက်မှာ သက်မဲ့ အမိဧရာဝတီဟာလည်း အလူးအလဲ ကြံ့ကြံ့ခံနေရတာပါ..။ ကျွန်တော်တို့ မြန်မာ့သမိုင်းဖြစ်တည်မှုနဲ့ အတူ အမိဧရာဝတီကိုလည်း မြန်မာ့သမိုင်း စာမျက်နှာတွေပေါ်မှာ မြန်မာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အမြဲဖြစ်တည်ရှိ နေရမှာပါ...။

အမိဧရာဝတီကို ကယ်တင်ရေးနဲ့ ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်...။ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကျရာနေရာက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...။

ဒီမိုဝေယံ....

ဧရာဝတီ တော်လှန်ရေး (ဆောင်းပါးရှင် အောင်ဒင်)

Posted: 13 Sep 2011 12:43 PM PDT

ဧရာဝတီ တော်လှန်ရေး
အောင်ဒင်
စက်တင်ဘာ ၁၂၊ ၂၀၁၁

(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ
သမ္မတဦးသိန်းစိန် အစိုးရက သဘောထား ပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေး ကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ ဆန္ဒ ကိုလုံးဝ ဂရုမစိုက်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း က "ဧရာဝတီရောဂါသည်များ" “ဧရာဝတီရောဂါနဲ့ အမှီလိုက်နေသူများ" လို့လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်၊ ကန့်ကွက် ဆက်ဆောက်သွားမှာ ဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။

ဒီလိုပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကောင်းတဲ့ အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင်ပါပဲလို့ ဝန်ခံသွားပါတယ်၊ သူကပြောပါသေးတယ်၊ "မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ" လို့ ဧရာဝတီမြစ်ကြီးကိုတောင် အပြစ်တင်သွားပါသေးတယ်၊ ဒါပေမည့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ကျော်အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့တာကိုတော့ မသိချင်ယောင်ဆောင် နေခဲ့ပါတယ်၊ ဦးဇော်မင်းဟာ ဗိုလ်မှူးကြီးဟောင်း တယောက်ဖြစ်ပြီး နအဖအစိုးရသက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ၊
ရွှေလီရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူ (အလယ်)

သူဒေါသတကြီးနဲ့ ပြောမှပဲ အရင်က သေသေချာချာ မသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်။ မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာမည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်။ တရုတ်အစိုးရက ရာနှုံးပြည့် ရင်းနှီးမြှုတ်နှံတာဖြစ်ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်... ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့၊ လျှပ်စစ်ဓာတ်အားရောင်းလို့ ရမည့်အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ၊ သူအဆိုအရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများ အမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာပြည်သူများအမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာက ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေသာမက နောင်လာမည့် မျိုးဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး၊
၂၀၁၀ ခုနှစ် စက်တင်ဘာလက တရုတ်ပြည်ခရီးစဉ်မှာ တွေ့ရတဲ့ ဧရာဝတီရေကာတာ စီမံကိန်းအား နောက်ဆုံး အဆုံးအဖြတ်ပေးခဲ့တဲ့ အဓိကတရားခံ..

(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်

တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းက ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ခံတပ် တံတိုင်းကြီးတွေပါ၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂ က ကမ္ဘာ့အမွေအနှစ်တပါး အဖြစ် အသိအမှတ်ပြုထားတာပါ။ ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုးရက မဟာတံတိုင်း အသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံအတွင်းမှာ မဟုတ်ပါ၊ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာတာကြီးများ ဖြစ်ကြပါတယ်၊ အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာအစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်၊ ခြံစည်းရိုးချင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊ သမိုင်းဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ၊

သမိုင်းဟောင်းမှာတုန်းက မဟာတံတိုင်း ဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါး ဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှ နဲ့အာဖရိက ကအာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊ ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ပြောင်းရတဲ့ မြို့၊ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွားတဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီးတွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေ ကို တရုတ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့အပေါင်းအပါအာဏာရှင်များက အလွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက် ဂုဏ်ယူဝင့်ကြွားကြသလို တရုတ်အာဏာရှင်များနဲ့ အပေါင်းအပါများကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ၊ အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့် သံသယကို အတည်ပြုပေးလိုက်ပါပြီ။

(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏

ဦးဇော်မင်းက ပြောသွားပါသေးတယ်၊ "မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပါတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး" တဲ့၊ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့် အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ "ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာရှိသေးလဲ" လို့အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ။

မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာတာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက် မစီးဆင်းနိုင်ပဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ။ ပြီးတော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက်ပိုင်း ကို ဆက်လက်စီးဆင်းနိုင်မှာပါ။ အဲဒီရေလှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ၊ အဲဒီ နုန်းတွေက ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံအနည်ထိုင်ကြမှာပါ၊ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့် ရရင်တောင်မှ နုံးတွေအတွက်ကတော့ ထွက်ပေါက်မရှိပါ။ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံ အနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊ ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာတာနဲ့ အမျှ၊ အောက်ကြမ်းပြင် မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့ အမျှ၊ လျှပ်စစ်စွမ်းအားထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်၊ ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန်ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်၊ လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေးနဲ့ အခြားကိစ္စများ အတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ၊

မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည်ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ။ ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း

ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခ ဆရာကြီးထံ ချဉ်းကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်။ ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံပဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခအဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့လက်ညှိုးအချောင်း ၁၀၀၀ နဲ့သူ့ကို ပူဇော်နိုင်မှ ပြန်လာခဲ့ ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်။ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းကထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက် ညှိုး တွေကိုဖြတ်၊ အဲဒီ လက် ညှိုးတွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန် ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်၊

အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက်ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့ လိုက်ရှာတဲ့ အင်္ဂုလိမာလရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်၊ အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေမှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက် ညှိုး တချောင်းကို ရဖို့သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့၊ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလက နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရားက ကိုယ်ထင်ပြပါသတဲ့၊ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊ အင်္ဂုလိမာလ က "ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်" လို့ပြောတော့ ဘုရားက "ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊သင်သာ ပြေးသူဖြစ်သည်" လို့အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့၊

အခုလဲ ဦးသိန်းစိန် နဲ့စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုးတန်ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီကို သတ်ဖို့ကြိုးစားနေပါပြီ၊ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ၊ ကျနော်တို့ မြန်မာပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလ ဦးသိန်းစိန် အစိုးရက အမိဧရာဝတီကို မသတ်နိုင်အောင် တားဆီးကြရမှာပါ၊

ဧရာဝတီ တော်လှန်ရေး စပါပြီ၊
လေးစားစွာဖြင့်
အောင်ဒင်
စက်တင်ဘာ ၁၂၊ ၂၀၁၁

မြစ်ဆုံရေကာတာ စီမံကိန်း သတင်း၊ ဆောင်းပါး၊ ရုပ်သံ၊ ဓာတ်ပုံများနဲ့ ပတ်သက်ပြီး ပြန်လည် ဖတ်ရှုလိုလျှင် Labels မြစ်ဆုံဆည်သတင်းများ ကိုနှိပ်ပြီးပြန်လည် ဖတ်ရှုနိုင်ပါတယ်...။

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers